Sunday, February 12, 2017

Phytophthora Blight ( ငရုတ် ပင်ညှိုးရောဂါ )


၈။ Phytophthora Blight ( ငရုတ် ပင်ညှိုးရောဂါ )
Phytophthora capsici
ရောဂါလက္ခဏာများမှာ - ၎င်း မှိုရောဂါသည် ငရုတ်ပင်၏ သက်တမ်း တစ်လျှောက်လုံး ကျရောက်နိုင်ပြီး၊ အပင်၏ အစိတ်အပိုင်း အားလုံးတွင်လည်း ကျရောက် နိုင်ပါသည်။ အမြစ်ခြောက်ခြင်း နှင့် အပင်ညှိုးခြင်း တို့သည် အဓိက လက္ခဏာများ ဖြစ်သည်။ အေက်ခြေပင်စည်ကို အညိုရင့်ရောင် ပြောင်းစေပြီး၊ အပေါ်ဘက်သို့ ဆက်လက် ကူးစက်သည်။ အရွက်များ အဝါရောင် ပြောင်းခြင်းမရှိဘဲ ငရုတ် တစ်ပင်လုံး ရုတ်တရက် ညှိုးကျခြင်းကို ဖြစ်စေနိုင်သည်။ ငရုတ်ခင်း အပေါ်မှ ရေပန်းဖြင့် ရေလောင်းပါက ပင်စည်၊ အရွက် နှင့် အသီးများသို့ပါ ကူးစက်နိုင်သည်။ ပင်စည်ပေါ်ရှိ အနာကွက်များသည် အညိုရင့်ရောင်များ ဖြစ်ပြီး၊ ပင်စည်မှ ကိုင်းခွများတွင် ပိုမိုတွေ့ရတတ်သည်။ အရွက်များပေါ်ရှိ အနာကွက်များသည် အဝိုင်းပုံ (သို့) ပုံမမှန်သော အစိမ်းရင့်ရောင် ရေစိုနာကွက်များဖြစ်ပြီး၊ နောက်ပိုင်းတွင် ခြောက်သွေ့ကာ သံဖြူရောင်သို့ ပြောင်းသွားစေသည်။ အသီးတောင့် များပေါ်ရှိ အနာကွက်များသည် အစိမ်းရင့်ရောင် ရေစိုနာကွက်များပင် ဖြစ်ပြီး၊ နောက်ပိုင်းတွင် ရှုံ့တွ ခြောက်ကပ်သွားစေသည်။ ပျိုးပင်ငယ်များတွင် ခါးရိခြင်း၊ အပင်ညှိုးခြင်းတို့ကို ဖြစ်ပေါ်စေသည်။
ဖြည့်စွက် အချက်အလက်များမှာ - ၎င်း မှိုရောဂါသည် ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ပြန့်နှံ့နိုင်သည်။ ၎င်း မှိုရောဂါသည် ပင်ကြွင်းပင်ကျန်များ၊ မြေကြီးအတွင်းနှင့် သခွား၊ ခရမ်း၊ ခရမ်းချဉ် တို့တွင် ခိုကပ် အသက်ရှင်နိုင်သည်။ ရေသွင်းများပြီး၊ ရေထုတ် ညံ့သော စိုက်ခင်းများတွင် ခါးရိခြင်းနှင့် မြစ်ခြောက်ဆွေးခြင်းတို့ကို ဖြစ်စေသည်။ မှိုရောဂါသတ်ဆေးများ သုံးစွဲခြင်း၊ ရေသွင်းရေထုတ် ကောင်းခြင်းတို့ဖြင့် ၎င်းရောဂါ ကျရောက်မှုကို လျော့ချနိုင်သည်။


ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

The Team of The Farmer Times.

No comments:

Post a Comment